အားလုံးကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ

Friday 3 February 2012

..............................ပုဂ္ဂိုလ် သုံး မျိုး........................


၁။ အမာဟောင်း(အနာဟောင်း) နှင့် တူသော စိတ်ရှိသော ပုဂ္ဂိုလ်။
၂။ လျှပ်စစ် နှင် တူသော စိတ်ရှိသော ပုဂ္ဂိုလ်။
၃။ ဝဇိရစိန် နှင့် တူသောစိတ်ရှိ ရှိသောပုဂ္ဂိုလ်။

၁။ အမာဟောင်း(အနာဟောင်း) နှင့် တူသော စိတ်ရှိသော ပုဂ္ဂိုလ် ။ ။ ဤလောက၌ အချို့ သော
ပုဂ္ဂိုလ် သည် အမျက်ဒေါသ ထွက်တတ်၏၊ ပြင်းစွာ စိတ်ဆိုးတတ်ခြင်းများဖြစ်၏၊ အနည်းအငယ်ပြော
ဆိုရုံမျှဖြင့်သော်လည်း စိတ်ဆိုး အမျက်ထွက်တတ်၏၊ စိတ်နာခြင်း ခက်ထန်ခြင်း ပြစ်မှားခြင်း မနှစ်
သက်ခြင်း များကို ထင်စွာပြု တတ်၏၊
အမာဟောင်း (အနာဟောင်း)သည် ဒုတ် သစ်သားစ၊ခဲ အိုးခြမ်းခွဲ စသည်တို့ ဖြင့် ထိခိုက်မိသော်
အလွန်အကဲ သွေး ပြည် အရိအရွဲ များယိုစီး ထွက်ကျလာသကဲ့သို့  အနည်းငယ်ပြောဆိုရုံမျှဖြစ်သော်
လည်း အမျက်ဒေါသ ထွက်တတ်ခြင်း ပြင်းစွာစိတ်ဆိုး အမျက်ထွက်တတ်ခြင်း စိတ်နာခြင်း ခက်ထန်
ခြင်း ပြစ်မှားခြင်း မနှစ်သက်ခြင်း များကို ထင်စွာပြုတတ်၏။ဤကဲ့သို့ သောပုဂ္ဂိုလ်ကို အမာဟောင်း
(အနာဟောင်း)နှင့် တူသောစိတ်ရှိသော ပုဂ္ဂိုလ် ဟုဆိုအပ်၏။

၂။ လျှပ်စစ် နှင့် တူသော စိတ်ရှိသော ပုဂ္ဂိုလ် ။ ။ ဤ လောက၌ အချို့ သော ပုဂ္ဂိုလ် သည် -
"ဤကား ဆင်းရဲတည်း ဤကား ဆင်းရဲဖြစ်ကြောင်တည်း၊ ဤကား ဆင်းရဲချုပ်ငြိမ်းရာ
နိဗ္ဗာန် တည်း၊ ဤကား ဆင်းရဲချုပ်ငြိမ်းရာ နိဗ္ဗာန်သို့  ရောက်ကြောင်း အကျင့်တည်း" ဟု
ဟုတ်မှန်သောအတိုင်း သိ၏။
မျက်စိအမြင်အာရုံ ရှိသော သူသည် အလွန်မှောင်မိုက်သော ညဥ့်၌ လျှပ်စစ်လက်သော
ခဏအတွင်းဝယ် ရူပါရုံ စသည်တို့ ကိုမြင်လိုက်သကဲ့သို့  "ဤကား ဆင်းရဲတည်း၊ ဤကား
ဆင်းရဲဖြစ်ကြောင်းတည်း၊ ဤကား ဆင်းရဲချုပ်ရာနိဗ္ဗာန်တည်း ၊ ဤကား ဆင်းရဲချုပ်ရာ
နိဗ္ဗာန်သို့  ရောက်ကြောင်း အကျင့်တည်း"ဟု ဟုတ်မှန်သောအတိုင်း သိ၏။
ဤကဲ့သို့ သော ပုဂ္ဂိုလ်ကို လျှပ်စစ်နှင့် တူသောစိတ်ရှိသောပုဂ္ဂိုလ် ဟုဆိုအပ်၏။

၃။ ဝဇိရစိန်နှင့် တူသောစိတ်ရှိသောပုဂ္ဂိုလ်။ ။ ဤလောက၌ အချို့ သောပုဂ္ဂိုလ်သည်
အာသဝေါတရားတို့ ၏ ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော စိတ်၏ ကိလေသာမှ
လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဓိနှင့် ကိလေသာမှ လွတ်မြောက်ခြင်း အရဟတ္တဖိုလ်
ပညာကို ထူးသောဥာဏ်ဖြင့် သိသည်ဖြစ်၍ မျက်မှောက်ပြုလျှက် ရောက်၍နေ၏။
ဝဇိရစိန်ဖြင့် မခွဲမဖျက်နိုင်သော တစ်စုံတစ်ရာသော ပတ္တမြားသည် လည်းကောင်း ၊
ကျောက်သည်လည်းကောင်း မရှိ သကဲ့သို့  ဤလောက၌ အချို့ သော ပုဂ္ဂိုလ်သည် -
အာသဝေါတရားတို့ ၏ ကုန်ခြင်းကြောင့် အာသဝေါတရားကင်းသော စိတ်၏ ကိလေသာမှ
လွတ်မြောက်ခြင်း အရဟတ္တဖိုလ်သမာဝိနှင့် ကိလေသာမှလွတ်မြောက်ခြင်း ၊အရဟတ္တဖိုလ်
ပညာကို ထူးသောဥာဏ်ဖြင့် သိသည်ဖြစ်၍ မျက်မှောက်ပြုလျှက် ရောက်၍နေ၏။
ဤကဲ့သို့ သော ပုဂ္ဂိုလ်ကို ဝဇိရစိန်နှင့် တူသော စိတ်ရှိသောပုဂ္ဂိုလ်ဟူ၍ ဆိုအပ်၏။ Vi99၊


အင်္ဂုတ္တိုရ်၊ ၅-ဝဇိရူပမသုတ်။



No comments:

Post a Comment